ရုတ်တရက် ဒူးနာတာ ဘာကြောင့်လဲ
လှေကားတက်တဲ့အခါ ဒူးနာသွားတယ်…. ပြေးတဲ့အခါ လှုပ်ရှားမှု ပြင်းထန်တဲ့အခါ ရုတ်တရက် ဒူးကွေးရခက်သလို ခံစားလိုက်ရတယ်။ ဒါဟာ အသက်ကြီးတဲ့သူတွေနဲ့ လှုပ်ရှားမှုများတဲ့သူတွေမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါပဲ။
ဒူးဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအဆစ်တစ်ခုဖြစ်ပြီး အရိုး၊ အရိုးနု၊ အရွတ်၊ တွယ်ဆက်တစ်ရှုးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရုတ်တရက် ဒူးနာရတဲ့ အကြောင်းရင်းတွေကတော့ ဘာတွေကြောင့် ဖြစ်နိုင်မလဲ?
(၁) အဝလွန်တာ
သာမန်ထက် ဝိတ်များတဲ့သူတွေဟာ ခန္ဓာကိုယ်အလေးချိန်က ဒူးကို ဝန်ပိစေလို့ ဒူးနာစေနိုင်ပါတယ်။ အထူးသဖြင့် လှုပ်ရှားရတဲ့အခါ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါနဲ့ လှေကားအတက်အဆင်းလုပ်တဲ့အခါ မှာ သိသိသာသာ ဒူးနာလာတတ်ပါတယ်။
(၂) မတော်တဆ ထိခိုက်မိတာ
တခါတရံ မတော်တဆ ထိခိုက်မိတာကြောင့်လဲ ဒူးနာတတ်ပါတယ်။ အထူးသဖြင့် အားကစားသမားတွေမှာ ထိခိုက်ချော်လဲတာကြောင့် ဒူးခေါင်းရဲ့ အရွတ်ထိတာ၊ အရိုးနုပျက်စီးတာ၊ အဆစ်နားက အရည်အိတ်တွေ ယောင်ယမ်းတာ ဖြစ်တတ်ပြီး ဒူးမှာဖြစ်တဲ့ ဒဏ်ကြောင့် ဒူးနာတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။
(၃) အဆစ်နဲ့ ပတ်သက်တဲ့ ပြဿနာ
ဒူးနာတာကို ဖြစ်စေတဲ့ အဆစ်ရောင် ရောဂါတွေ အများကြီး ရှိပါတယ်။ အဖြစ်များတဲ့ အဆစ်ရောင် ပြဿနာတွေကတော့
- အသက်အရွယ်ကြီးရင့်လာတာ
- လူကြီးတွေနဲ့ ကိုယ်အလေးချိန်များတဲ့သူတွေမှာ အဖြစ်များတဲ့ အရိုးအဆစ်ယောင်ရောဂါ၊
- နာတာရှည် သွေးလေးဘက်နာရောဂါ၊
- ခန္ဓာကိုယ်မှာ Uric Acid များလို့ ဖြစ်ရတဲ့ Gout ရောဂါကလဲတွေကြောင့် ဒူးနာနိုင်ပါတယ်။
(၄) အရိုးပွတာ
အသက်ကြီးလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆတွေနည်းလာပြီး အရိုးပွတာဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာ လှုပ်ရှားရ ခက်ခဲပြီး နာကျင်လာတာ၊ အထိုင်အထခက်တာ ၊ အရိုးကျိုးလွယ်တာတွေနဲ့အတူ ဒူးနာတာကိုလဲ ခံစားရနိုင်ပါတယ်။
ဒီလိုမျိုး ဒူးနာတာကို မကြာခဏ ခံစားနေရရင် အကောင်းဆုံးကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။
- သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိအောင် ထိန်းပါ။
- အရိုးအဆစ်ရောင်ရောဂါအတွက် သေချာ ကုသမှု ခံယူပါ။
- အားကစားလုပ်တဲ့အခါ လှုပ်ရှားတဲ့အခါ ဒဏ်မဖြစ်စေပါနဲ့။
- ခြေသလုံးကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ပေးပါ။
- အရိုးနဲ့ အဆစ်အတွက် အားဖြည့်ပေးတဲ့ ဖြည့်စွက်စာတွေ သောက်ပေးပါ။
- လုံလုံလောက်လောက် အနားယူပေးပါ။
တကယ်လို့ ဒူးနာတာက အရမ်းဆိုးလာတယ်၊ ရောင်ပြီး နီလာတယ်၊ ရက်သတ္တပတ် အတော်ကြာတဲ့ထိ မသက်သာဘူး၊ သွားလာဖို့အတွက် ဒူးကို မလှုပ်ရှားနိုင်ဘူး ဆိုရင် ဆေးခန်းသေချာပြပြီး တတ်ကျွမ်းနားလည်တဲ့သူနဲ့ ဆွေးနွေးဖို့ လိုကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)